ဘယ်လို လူတွေက လေဖြတ်နိုင်ချေ ပိုများလဲ
လေဖြတ်တယ် ဆိုတာဟာ ဦးနှောက်ရဲ့ ဆဲလ်တွေဆီကို သွေးရောက်ရှိမှု ထိခိုက်ပျက်စီးတာကြောင့် ဖြစ်ရတာပါ။ လေဖြတ်ခြင်းမှာ သွေးကြောပိတ်ပြီး လေဖြတ်တာနဲ့ သွေးကြောပေါက်ပြီး လေဖြတ်တာ စသဖြင့် နှစ်မျိုး နှစ်စားရှိပါတယ်။ လေဖြတ်ခြင်းဟာ အသက်ဆုံးရှုံးရနိုင်သလို နာတာရှည် မသန်စွမ်းတဲ့ အဆင့်အထိ ဖြစ်စေနိုင်တာကြောင့် အထူးသတိထားသင့်ပါတယ်။
လေဖြတ်နိုင်ချေ များတဲ့ သူတွေကတော့
- အသက် (၅၅) နှစ်အထက် အရွယ် ရှိသူတွေ
- အမျိုးသားတွေ
- မျိုးရိုး ရှိဖူးသူတွေ
- ကိုယ်အလေးချိန်များသူတွေ
- သွေးတိုးရောဂါ အခံ ရှိသူတွေ
- သွေးတွင်းအဆီဓာတ် များသူတွေ
- နှလုံးနဲ့ ပတ်သက်ပြီး ရောဂါအခံ ရှိသူတွေ
- ဆီးချို ရောဂါအခံ ရှိသူတွေ
- ဟော်မုန်းတားဆေး သောက်နေရသူတွေ
- အရက်အလွန်အကျွံ သောက်သူတွေ
- ဆေးလိပ်သောက်သူ နဲ့ တဆင့်ခံ ရှူရှိုက်မိသူတွေ မှာ လေဖြတ်နိုင်ချေ ပိုများပါတယ်။
လေဖြတ်နိုင်ချေကို လျော့နည်းစေဖို့ ဘာတွေ သတိထားရမလဲ?
- ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသောက်နေထိုင်ပါ
- ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ
- သွေးပေါင်ချိန် ၊ သွေးတွင်း ကိုလက်စထရော ပမာဏကို ပုံမှန်ပမာဏ ဖြစ်အောင် ထိန်းပေးပါ
- ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိအောင် ထိန်းပါ
- အရက်နဲ့ ဆေးလိပ်ကို တတ်နိုင်သလောက် ရှောင်ပါ
လေဖြတ်ခြင်းရဲ့ ရှေ့ပြေး လက္ခဏာတွေဖြစ်တဲ့ မျက်နှာရွဲ့တာ၊ ခြေထောက်တွေ ၊ လက်တွေ ရုတ်တရက် ထုံလာတာ၊ လမ်းလျှောက်ရ ခက်တာ၊ ရုတ်တရက် မူးမေ့လဲတာ၊ စကားတွေ လေးလာတာ၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာ၊ အမြင်အာရုံတွေ ချို့တဲ့လာတာ စတဲ့ လက္ခဏာ ခံစားရရင် နီးစပ်ရာ ဆေးရုံ ဆေးခန်းမှာ အမြန်ဆုံး ကုသမှု ခံယူသင့်ကြောင်း မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)